COVID-19 ကပ်ဘေးသက်ရောက်မှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကို ပြန်လည်တိုးတက်နိုင်စေရေးအတွက် ကိုရီးယားဝမ် (၇.၈) ထရီလီယံ (အမေရိကန် ဒေါ်လာ ၆.၅၇ ဘီလီယံ) ကို ၂၀၂၀ ပြည့်နှစ်အတွက် စတုတ္ထအကြိမ်မြောက် ဖြည့်စွက်ရန်ပုံငွေအဖြစ် ထပ်မံခွင့်ပြုချထားပေးရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက (၁၀-၉-၂၀၂၀) ရက်နေ့တွင် အိမ်ပြာတော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၈)ကြိမ်မြောက် အရေးပေါ်စီးပွားရေးကောင်စီအစည်းအဝေး(8th Emergency Economic Council Meeting)၌ ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အစိုးရဆိုသည်မှာ တိုင်းသူပြည်သားများ၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည့်အားလျော်စွာ ကြီးလေးသောတာဝန်များနှင့်အတူ ပိုမိုကောင်းမွန်သည့် အစီအမံများကိုလည်းဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ယခု စတုတ္ထအကြိမ်မြောက် ဖြည့်စွက် ရန်ပုံငွေသည် COVID-19 ကာလတွင် ငွေကြေးထိခိုက်မှုအများဆုံးခံစားခဲ့ရသော စီးပွားရေးကဏ္ဍများနှင့် လုပ်ငန်းရှင်များ အထူးသဖြင့် အသေးစားလုပ်ငန်းရှင်များ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ၊ တစ်ကိုယ်တော်သီးသန့်လုပ်ငန်းများလုပ်ကိုင်သူ Freelancer များအတွက် အံဝင်ဂွင်ကျဖြစ်စေမည့် ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဟု သမ္မတ မွန်ဂျေအင်းက ပြောကြားခဲ့ပါသည်။
ယခုထောက်ပံ့မည့် ဖြည့်စွက်ရန်ပုံငွေအစီအစဉ်၏ တစ်ဝက်တန်ဖိုးပမာဏရှိသော ကိုရီးယားဝမ် (၃.၈) ထရီလီယံကို ဦးစွာ ပြည်သူဦးရေ (၃.၇၇) သန်းအတွက် အကျိုးပြုထောက်ပံ့သွားမည်ဖြစ် ကြောင်း၊ အဆိုပါပမာဏတွင် ကိုရီးယားဝမ်(၃.၂)ထရီလီယံသည် အသေးစား စီးပွားရေး လုပ်ငန်းများနှင့် ကိုယ်ပိုင်လုပ်ငန်းငယ်လုပ်ကိုင်သူများကို ထောက်ပံ့သွားမည်ဖြစ်ပြီး၊ တစ်ဦးလျှင် ကိုရီးယားဝမ်ငွေ(၂)သန်းအထိ ငွေသားဖြင့် လက်ခံရရှိမည်ဖြစ်ကြောင်း၊ Freelancer များ၏ အလုပ်အကိုင်အခွင့် အလမ်းများကို ကာကွယ်ပေးနိုင်ရန်အတွက် ကိုရီးယားဝမ် (၁.၄)ထရီလီယံ သုံးစွဲရန် လျာထားကြောင်း၊ အစိုးရ အနေဖြင့် ပြည်သူများ၏ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို တတ်နိုင်သရွေ့ ဖြည့်ဆည်းပေးမည်ဖြစ်ရာ အထောက်အပံ့လိုအပ်လျက်ရှိသူ (၈၈၀,၀၀၀)ဦးတို့သည်လည်း ဤအစီ အစဉ်တွင် အကျုံးဝင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကလေးစောင့်ရှောက်မှုဆိုင်ရာ ခွင့်ရက်ကာလကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ကလေးစောင့်ရှောက်ရေးရန်ပုံငွေ ရရှိသင့်သည့် အိမ်ထောင်စု အရေအတွက်ကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ထို့ပြင် အစိုးရနှင့် အာဏာရ ကိုရီးယားဒီမိုကရက်တစ်ပါတီ (Democratic Party of Korea–DPK) တို့သည် အသက်(၁၃)နှစ်အထက် ကိုရီးယားလူမျိုးပြည်သူအားလုံးတို့အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွက် တယ်လီဖုန်းဆက်သွယ်စရိတ် ကိုရီးယားဝမ် (၂၀၀၀၀) ကို ထောက်ပံ့ပေးသွားရန် (၉-၉-၂၀၂၀) ရက်နေ့တွင်ကျင်းပခဲ့သည့်အစည်းအဝေး၌ သဘောတူညီခဲ့ကြပြီးဖြစ်ကြောင်း၊ COVID-19 ဆိုင်ရာအခြေအနေအရ အစိုးရ၏ တင်းကျပ်သည့် Social Distancing ဆိုင်ရာကန့်သတ်မှု မူဝါဒများကို လိုက်နာရာတွင် ပြည်သူများအထီးကျန်ခံစားရခြင်းမျိုး မဖြစ်စေရေး နှင့်လိုအပ်သည့်ဆက်သွယ်မှုများဆောင်ရွက်နိုင်စေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သို့ရာတွင် အတိုက်အခံပါတီများကမူ အစိုးရမှ အဆိုပါ တယ်လီဖုန်းဘီလ် ကိုရီးယားဝမ် (၂၀၀၀၀) ထောက်ပံ့ပေးမည့်ကိစ္စသည် တိုင်းပြည်၏ဘဏ္ဍာရေးတည်ငြိမ်မှုကို ပြည်သူများ၏ စိုးရိမ်မှုများမြင့်တက်နေချိန်တွင် လူကြိုက်များထင်ပေါ်လို၍ ဆောင်ရွက်ခြင်းသာဖြစ်ပြီး၊ ဤငွေများသည် စျေးကွက်အတွင်းသို့ ရောက်ရှိမည်မဟုတ်ဘဲ တယ်လီကွန်းကုမ္ပဏီများဆီကိုသာ ရောက်ရှိသွားမည်ဖြစ် ကြောင်း၊ ဤသို့ထောက်ပံ့ပေးမှုသည် စီးပွားရေးနာလန်ထူမှုအပေါ် သိသာသည့် အကျိုးသက်ရောက်မှုဖြစ်စေမည်မဟုတ်ဟု ဝေဖန်ခဲ့ကြကြောင်းသိရှိရပြီး၊ အစိုးရအနေဖြင့် နိုင်ငံနှင့် ပြည်သူများ အတွက် တိုးတက်အောင် ဆောင်ရွက်နေခြင်းသာဖြစ်၍ ဝေဖန်မှုများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောကြားချက်များအရ သိရှိရပါသည်။
|
Source: The Korea Times
(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)